hover animation preload

ရင်ဘတ်ထဲက အကြွင်းအကျန်များ
by ဇီဇာ in

ကိုယ်တိုင် မသိခဲ့တာက စတာလား
လွမ်းကြီးရေ.........
မနေ့က မင်းနဲ့ ငါ ဘာတွေ ပြောဖြစ်ခဲ့ကြလည်း
ရောက်တတ်ရာရာ မဟုတ်တာတော့ သေချာတယ်
လေးနက်တာတွေနဲ့လည်း ပေါ့ပါးခဲ့ကြတယ်
ပေါ့ပါးပါးလေးတွေကိုလည်း ရေကြီးခွင်းကျယ်ခဲ့ကြတယ်
လွမ်းကြီးရေ..........
ငါတို့က မနူးမနပ်လေးတွေပါကွာ
ထူးပြီး ထပ်ပြောချင်တာက
မင်းကော ငါကော ဘာမှ မဟုတ်ကြဘူး
နေရာသေးသေးလေးမှာ
ထင်ရာတွေ ရေးခြစ်နေခဲ့ကြတယ်
မြင်တာတွေ တွေးဖြစ်ခဲ့ကြတယ်
နထင်သွေးရောက် ပေါက်ပန်း ၄၀ ပွင့်ခဲ့ကြတယ်
လွမ်းကြီးရေ..............
တကယ်တော့ မင်းကော ငါကော
ကိုယ့်ကိုကိုယ် ပျောက်နေတာ သတိမထားမိခဲ့ကြဘူး
ကိုယ့်ကိုကိုယ် ပြန်ရှာနေတာလည်း မတွေ့ခဲ့ကြသေးဘူး.......
မိုက်လုံးကြီးနေခဲ့ကြတာလည်း မသိခဲ့ကြဘူး...........။

လမင်းကပြောတယ်........
ခရီးထွက်ရမယ်တဲ့........
ငါတို့က ခရီးသွားတွေပဲလေ
ခရီးတွေထဲ ခရီးတွေ ဆက်
ခရီးတွေ အထပ်ထပ်နဲ့
လောက အတိမ်းအစောင်းထဲ
ဒေါင်ကျကျ ပြားကျကျ အခန်းဆက် နေ့ရက်များထဲ
ပန်းတိုင်လား ဘာလားမသိ
ေ၀၀ါးလွန်းတဲ့ အနာဂတ်ထိချက် ပျော့ပျော့ထဲ
ခရီးတွေ သွားနေကြဆဲပဲ.........
ခြေလှမ်းများ ဘယ်ကိုလည်း...........။

လွမ်းကြီးရေ.........
မင်းရင်ထဲက အကြောင်းအရာတွေကို
စာစောင်တွေနဲ့ လက်ပွေ့ရောင်းလိုက်ပါလား
ရင်ထဲ ပေါ့ပါးသွားတာပေါ့
ငါတို့ ရင်ဘတ်တွေက လေးနက်တတ်လွန်းကြတာ မကောင်းဘူးကွာ
ထစ်ခနဲ့ဆို အိပ်မက်တွေ မိုးလင်းပစ်ခဲ့ကြတယ်
မင်းနဲ့ ငါ့ရင်ဘတ်တွေအကြောင်း
ညီမျှခြင်းထိုးဖို့ ပုံသေနည်း မရှိဘူး
ကိုယ့်ဝမ်းနာ ကိုယ်သာ သိပေါ့ကွာ
အထာမကျသေးတဲ့ လောကမာယာထဲ
ဖဲ့ပေးလိုက်ရတဲ့ စိတ်တွေ ကျန်သေးရဲ့လား
လုံးပါးပါးခဲ့ရတဲ့ ကိုယ်ကျင့်တရား သေးသေးလေးထဲ
ကိုယ့်ပေါင်ကိုယ် လှန်ထောင်းမိလိုက်တာလည်း အခါခါ
ကြာကြာဝါးမယ့် သွားအတွက် အရိုးက ဖြတ်မျဉ်းလား
ပြဿဒါး မလွတ်ကင်းတဲ့ ရင်ခုန်သံများ
ချစ်ခြင်းမှာ အမုန်းရောင်အနားသတ်နဲ့
အလွမ်းဆိုတဲ့ တံဆိပ် ကပ်ခံထားရတဲ့ ရင်ဘတ်
ပြန်ငုံ့ကြည့်လိုက်တော့ ပက်ပက်စက်စက်ဒါဏ်ရာတွေနဲ့
လွမ်းကြီးရေ...............
အခါခါသေဖူးတဲ့ ချစ်ခြင်းမှာ ရှင်သန်ခွင့်ဆိုတာ
ဘယ်သူ့လက်ထဲမှာ လို့ သင်ရိုးညွှန်ချင်လည်း.............။

ဒဿန အကန်းတွေထဲ
ငါတို့တွေက စုံလုံးကန်းနေကြတော့မှာလား
ကိုယ့်မြင်းကိုယ်စိုင်းကြမယ် စစ်ကိုင်းမရောက်ချင်နေ
ကိုယ့်သဘော ကိုယ်ဆောင်နေကြတဲ့ လူတွေထဲ
အမြင်မတူ ကွဲလွှဲ ဘာသာပြန်ဖို့ ခက်တဲ့ လက်ညှိုးတွေ
ခေါက်ထားလိုက် သူငယ်ချင်း.....
ချီးမွှမ်း ကဲ့ရဲ့ ခုနှစ်ရက် ပြဇါတ်ထဲ
မီးစင်ကြည့်က.........
လက်ခုပ်သံလည်း မလိုဘူး
အားပေးသံလည်း မလိုဘူး.....
ပွဲပြီးရင် မီးသေသွားကြတာ ကြိုသိထားတာပဲ
ဘာကိုများ လွမ်းခြင်း ဖွဲ့ရအုန်းမှာလည်း....
သူငယ်ချင်း လွမ်းကြီးရေ.........
လူဆိုတာ ယူစရာနဲ့ ပေးစရာ နှစ်ခုကြား
ဗြာများနေတဲ့ သတ္တ၀ါပါ...........
ကိုယ့်ကိုကိုယ် စာဖွဲ့ပြီး.......
အသာလေး နှက်နေလိုက်...........။

ရတာမလို လိုတာမရနဲ့
တော်တော်ကြာမှ သိလိုက်ရတယ်
ငါတို့ လူမဖြစ်သေးဘူး.........
သူငယ်ချင်း လွမ်းကြီးရေ................။

သူငယ်ချင်း လွမ်းပိုင်ရှင် သို့............အမှတ်တရ
(သေးတိမ်တဲ့ ထောင့်တစ်ထောင့်က ဇီဇာ)

6.3.2012(liolem) PK (internet shop) Night 11:58

0 comments:

Post a Comment